ဘလော့ဂါအာဘော်

ထေရ၀ါဒဗုဒ္ဓသာသနာသည် သံသရာဒုက္ခ ခန္ဓာဒုက္ခ လွတ်ကြောင်းအတွက် သက်သက်မျှသာ ဖြစ်ပါသည်။ လောကီကြီးပွားရေးအတွက် မဟုတ်ပါ။ လောကီကြီးပွားရေးအတွက် ရောနှောအသုံးချလာသည့်အခါ.....

သိကြားသာသနာ မရှိပါ

          အစဉ်အလာ ပြောကြတာက ဘုရားရှင်ပရိနိဗ္ဗာန်ပြုခါနီးတော့ သိကြားမင်းက လျှောက်တယ်တဲ့။ အရှင်ဘုရား ပရိနိဗ္ဗာန်ပြုပြီးတဲ့နောက်မှာ သာသနာတော်ကို တပည့်တော် ဆက်လက်စောင့်ရှောက်ပါ့မယ်ပေါ့။ ဘယ်ကတွေ့ပြီး ပြောကြတာလဲတော့ မသိပါဘူး။ အဲဒါနဲ့ လူကြီးတွေက
          ``သိကြားသာသနာနော်၊ မကောင်းသူပယ် ကောင်းသူကယ်လိမ့်မယ်၊ ကောင်းကောင်းနေကြ´´
လို့ လူငယ်တွေကို ခြောက်လုံးလေးတွေနဲ့ ဆုံးမလေ့ရှိကြတယ်။ လူငယ်တွေကလဲ သတ္တိခဲတွေ။
          သိကြားမင်း သာသနာစောင့်မစောင့် ကိုယ့်ဘာသာပဲ စဉ်းစားကြည့်ပါ။ သူ့မှာ မိဖုရားပေါင်းက နှစ်ကုဋေနဲ့ ငါးသန်း ရှိသတဲ့။ သာသနာကို သတိတောင် ရမယ့်သူ မဟုတ်ဘူး။ အဲဒီသိကြား မိဖုရားလောဘကြီးပုံကို နောက်များတော့ ရေးပြအုံးမယ်။ သိကြားစံရာ တာဝတိံသာမှာတစ်ရက်ကို လူ့ပြည်မှာ နှစ်တစ်ရာရှိတယ်တဲ့။ အဲဒါလေးတော့ မှတ်ထား။ ဘုရားပရိနိဗ္ဗာန်စံပြီးလို့ နှစ်သုံးရာတောင် မပြည့်ဘူး။ အိန္ဒိယမှာ သာသနာလဲ ပျက်တော့တာပဲ။ တကယ်တမ်းသာ သိကြားက ဘုရားရှင်ဆီမှာ ကတိပေးခဲ့တယ်ဆိုရင် သူ့ကတိပေးပြီး သုံးရက်တောင် မခံဘူးပေါ့။ အိန္ဒိယရဲ့ လက်ကျန်မဟာယာနသာသနာလေးတောင် မရှုမလှ ပျက်သွားတာလေ။ မဟာယာန ရဟန်းပေါင်း တစ်သောင်းလောက် တက်နေတဲ့ နာလန္ဒာတက္ကသိုလ်ကြီးဆိုရင် ဘာသာခြားတွေက မီးနဲ့ရှို့တာ တစ်လလောက်တောင် မငြိမ်းဘူးလို့ ဆိုတယ်။ ဘုန်းကြီးခေါင်းတစ်လုံးဖြတ်နိုင်ရင် ဆုတော်ငွေ တစ်ထောင်ပေးမယ်ဆိုလို့ ဘုန်းကြီးတွေကို လိုက်သတ်တာ ဘုန်းကြီးတွေလဲ အိန္ဒိယမှာ ပြုတ်ပြုတ်ပြုန်းတော့တာပဲ။ အဲဒီသိကြား ဘာဖြစ်လို့များ လာမကယ်ပါလိမ့်။
          သာသနာက သီဟိုဠ်(သီရိလင်္ကာ)ဘက်ကို ရွေ့သွားတယ်။ သီရိလင်္ကာမှာလဲ ဒီလိုပဲ။ ကျေးကုလားတွေ မင်းပြုတဲ့ ၁၂ နှစ်အတွင်း ဘုန်းကြီးတွေ တောထဲ သွားပုန်းနေကြရတယ်။ ဆွမ်းကပ်မယ့်လူမရှိ စားစရာခက်ခဲလို့ သဲလေးတွေပုံပြီး သဲပုံပေါ် ၀မ်းလျားမှောက်ပြီး နေကြရတယ်။ အဲဒီခေတ်က စာအုပ်စာပေကလဲ မပေါ်သေးလို့ ပိဋကတ်တွေ မပျောက်အောင် သဲပုံပေါ် ၀မ်းလျားမှောက်ပြီး ရွတ်နေကြရတာ မြင်ယောင်ကြည့်ပါ။ ဘယ်လောက် ဆင်းရဲပင်ပန်းပြီး သနားစရာကောင်းလိုက်လဲလို့။ အဲဒီအချိန်က ဘုရားရှင်ပရိနိဗ္ဗာန်ပြုပြီးလို့ နှစ်ပေါင်း လေးရာကျော်ကျော်လေးပဲ ရှိသေးတယ်။ သိကြားမင်းစံတော်ချိန်နဲ့ဆို လေးရက်လောက်ပဲ ရှိသေးတယ်။ ကိုရွှေသိကြား ဒီတုန်းကလဲ ကြည့်နေခဲ့တာပဲ။ ဘုန်းကြီးတွေ စောင့်ရှောက်ခဲ့လို့သာ ပရိယတ္တိသာသနာဆိုတဲ့ စာပေကျန်းဂန်တွေကျန်နေတာ။ ပိဋကတ်သုံးပုံ ကျန်နေတာ။ ပိဋကတ်သုံးပုံကျန်နေလို့ပဲ သာသနာကျန်နေတာ။ ပိဋကတ်သုံးပုံပျောက်ရင် သာသနာပျောက်မှာ။
          မြန်မာနိုင်ငံရောက်တော့လဲ ဒီလိုပဲ။ ဂငယ်သုံးခု ဥသျှစ်ထုတဲ့။ ၈၈၈-ခုနှစ် အင်းဝခေတ်မှာ မင်းတက်တဲ့ သိုဟန်ဘွားမင်းက ဘယ်လိုအတွေးချော်လဲဆိုတော့ ဘုန်းကြီးတွေဆိုတာ သားမရှိ မယားမရှိတွေ။ သံယောဇဉ်နည်းတဲ့လူတွေ။ ပုန်ကန်ချင်ရင် ဘာမှ ငဲ့စရာမရှိဘူး။ အန္တရာယ်ရှိတဲ့လူသားတွေအဖြစ်မြင်တယ်။ ဒီတော့ မြို့ပြင်မှာ မဏ္ဍပ်ကြီးဆောက်ပြီး ဘုန်းကြီးတွေကို ညာပြီး ဆွမ်းစားပင့်တယ်။ ဘုန်းကြီးတွေကလဲ ပုထုဇဉ်တွေကိုး ဘာသိမှာလဲ။ ဘုရင်ပင့်တဲ့ ဆွမ်းစားဆိုတော့ သူသူကိုယ်ကိုယ် ကြွချင်တာပေါ့။ ဘုရင်လဲ မြင်ဖူးချင်တာကိုး။ အဲဒီမှာ ဆွမ်းဘုန်းပေးနေတုန်း ရှိသေးတယ်။ မပြောမဆိုနဲ့ တပ်နဲ့ဝိုင်းပြီး သတ်တာ။ တော်တော်လေး ပျံလွန်တော်မူတယ်။ ကျောင်းတွေကိုပါ ဆက်ပြီး မီးနဲ့ရှို့သေးတယ်။
          အဲဒီတုန်းက တောရွာတစ်ရာက အရှင်ခေမာစာရဆိုတဲ့ ဘုန်းကြီးက ညဘက်ကြီးအချိန်မတော် စည်ထတီးတယ်။ အချိန်မတော် ဒီလိုစည်တီးတာဟာ ဘုန်းကြီးပျံလို့ တီးကြတာဆိုတော့ ရွာထဲကလဲ ဘုန်းကြီးပျံတော်မူတယ်ထင်ပြီး ကျောင်းလာတော့ ဘုန်းကြီးတွေက ငုတ်တုတ်။ ဘာဖြစ်လို စည်တီးတာလဲ မေးတော့ သိကြားသေလို့လို့ ဖြေတယ်။ သိကြားသေတာကို အရှင်ဘုရားက ဘယ်လိုသိလဲ လျှောက်တော့ သာသနာကို စောင့်ရှောက်ပါမယ်လို့ ဘုရားရှင်ဆီမှာ ကတိပေးတယ်ဆိုပြီး သာသနာ ဒီလောက်နှိပ်စက်ခံနေရတာကို ဒီသိကြားက ဘာမှ မကယ်တင်တော့ သေသွားလို့ နေမှာပေါ့လို့ ခပ်ရွတ်ရွတ် ပြန်ဖြေသတဲ့။ အဲဒါသတိရပြီး ၂၀၀၇ - တုန်းကဆို ကိုယ်လဲ စည်တီးချင်လိုက်တာ။
စာလဲ ရှည်သွားပြီ။ တကယ်တမ်းတော့ သာသနာကို စောင့်ရှောက်တာ သိကြားလဲ မဟုတ်ဘူး။ သူရဿတီလဲ မဟုတ်ပါဘူး။ စာပေကျန်းဂန်တွေကို ကြိုးစားပမ်းစား အငတ်ခံ သင်နေကြတဲ့ စာသင်သားတွေပါပဲလို့ ဖြေခဲ့ပါတယ်။ ဘာအလုပ်မှ မလုပ်ပေးနိုင်တဲ့ မမြင်ရတဲ့ အဲဒီသတ္တ၀ါတွေကို သိပ်လဲ အထင်ကြီးကိုးကွယ်မနေကြနဲ့။ ဒူးလဲပွန်း နဖူးလဲ ပွန်းကုန်ကြပါ့မယ်။
အားလုံ့း မိမိတို့ကိုယ်ကို ကောင်းမွန်စွာ ရွက်ဆောင်နိုင်ကြပါစေ

No comments:

Post a Comment