ဘလော့ဂါအာဘော်

ထေရ၀ါဒဗုဒ္ဓသာသနာသည် သံသရာဒုက္ခ ခန္ဓာဒုက္ခ လွတ်ကြောင်းအတွက် သက်သက်မျှသာ ဖြစ်ပါသည်။ လောကီကြီးပွားရေးအတွက် မဟုတ်ပါ။ လောကီကြီးပွားရေးအတွက် ရောနှောအသုံးချလာသည့်အခါ.....

အမည်ခိုးသူများ

          တစ်နေ့ နေ၀င်ရီတရောအချိန်တွင် ကျောင်းအနီးမှ ဒကာမကြီးတစ်ယောက် သုတ်သီးသုတ်ပြာဖြင့် ကျောင်းပေါ် တက်လာ၏။ ဤအချိန်မျိုးတွင် လာနေကျမဟုတ်သဖြင့် စာရေးသူက
          ``ဒကာမကြီး လာပုံ ထူးလှချေလား´´
ဟု ဆီး၍ မေးလိုက်၏။ ထိုဒကာမကြီးက
          ``တပည့်တော် မကျေနပ်တာ ရှိလို့ဘုရား´´
ဟု လျှောက်၏။ ထို့ကြောင့် ထိတ်ကနဲဖြစ်သွားမိ၏။ ဤကျောင်းသို့ ပြန်ရောက်သည်မှာ ငါးရက်ခန့်သာ ရှိသေးသည်။ ဘယ်ကိုမှလည်း မသွား၊ ဘာကိုမှလဲ မလုပ်ခဲ့။ စကားကိုလည်း မာကြောင်း သာကြောင်းလောက်သာ ပြောရသေးသည်။ မိမိအပေါ် ဘာများမကျေနပ်တာ ရှိနေသလဲ? စဉ်းစား၍ မရ။
          ``ဆိုစမ်းပါဦး ဒကာမကြီး။ ဘာများ မကျေနပ်တာလဲ´´
          ``တပည့်တော် (.......)ရွာကို သွားတယ်ဘုရား။ အဲဒီရွာမှာ ဆေးဆရာကြီး ဦး(.......)က နှစ်ပါးသီလ ထိန်းပြီး ယောဂီလုပ်တော့မယ်လို့ တပည့်တော်ကို ပြောတယ်ဘုရား။ နှစ်ပါးသီလလောက်နဲ့ ယောဂီလုပ်တယ်ဆိုတာကို တပည့်တော်မ မကျေနပ်ဘူးဘုရား။ အဲဒါ ရမရ ပြောပြပေးပါဘုရား။´´
          စာရေးသူလည်း ထိုအခါမှပင် ဒကာမကြီး၏ မကျေနပ်ခြင်း မြားဦးသည် မိမိဘက်သို့ လှည့်ခြင်း မဟုတ်ပါ ကလားဟု စိတ်အေးရတော့၏။ ထိုယောဂီသူတော်စင်ကြီး စောင့်ထိန်းမည့် သီလနှစ်ပါးကို မေးကြည့်တော့ ``ပါဏာတိပါတသိက္ခာပုဒ်နှင့် သုရာမေရယသိက္ခာပုဒ်´´ဟု သိရ၏။
          တော်တော်ကြီးကြီးကျယ်ကျယ် စောင့်ထိန်းမည့်ပုဂ္ဂိုလ်ကြီးပါလားဟုပင် တွေးမိသေးတော့၏။ ဆေးဆရာ ကျောင်းဆရာ၊ ရါာလူကြီးတို့သည် ရပ်ရွာ၏အဓိကအားကိုးရာ မဏ္ဍိုင်ကြီးများဖြစ်ကြ၏။ ကျေးရွာ၏ အတိုင်ပင်ခံများ ဖြစ်ကြ၏။ ထိုပုဂ္ဂိုလ်တို့သည် အခြားသူတို့ထက် ဂုဏ်သိက္ခာအရရော ကိုယ်ကျင့်တရားအရပါလေးစားထိုက်သူများ ဖြစ်ရန် လို၏။
          ပါဏာတိပါတသိက္ခာပုဒ်(သူတပါးအသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း)၊ သုရာမေရယသိက္ခာပုဒ် (မူးယစ်ဆေးဝါး သုံးစွဲမှုမှ ရှောင်ကြဉ်ခြင်း) နှစ်ခုကို စောင့်ထိန်းမည်ဆိုသဖြင့် ကောင်းပါသည်။ သို့သော် ဘိုးတော်အဖြစ်၊ ယောဂီအဖြစ် ခံယူမည့် ဆေးဆရာကြီးတစ်ဦးအနေဖြင့် စောင့်ထိန်းမည့်သီလသည် နည်းလှသည်ဟု ထင်မိသည်။ ယောဂီဟု ဆိုလိုက်သည်နှင့် သူတော်စင်ဟူသော စကားနှင့်ပါ တွဲ၍သုံးရမည်ဖြစ်၏။ ယောဂီသူတော်စင်တစ်ယောက်သည် မုသာဝါဒမှ မရှောင်နိုင်လျှင် မည်သို့ယုံကြည် ကိုးကွယ်ရမည်နည်း။ ကာမေသု မိစ္ဆာစာရ (သူတပါးအိမ်ရာ ပြစ်မှားမှု)မှ မရှောင်နိုင်လျှင် မည်သို့ လေးစားရမည်နည်း။ အဒိန္နာဒါန (သူတပါးမပေးသော ဥစ္စာကို ခိုးယူခြင်း)မှ မရှောင်နိုင်လျှင် မည်သို့ ယုံကြည်ရတော့မည်နည်း။
          ယောဂီဟူသော စကား၏ မူရင်းပါဠိပုဒ်မှာ ယုဇ - ဓာတ်နှင့် ဏ - ပစ္စည်း တွဲစပ်ထားသော ယောဂဟူသော ပါဠိပုဒ်ဖြစ်သည်။ ယောဂဟူသော စကားသည် ``ယှဉ်ခြင်း၊ လုံ့လ၊ အားထုတ်ခြင်း၊ ဘာဝနာ၌အားထုတ်ခြင်း၊ သုတ်၊ ၀ဋ်ဆင်းရဲ၌ ယှဉ်စေတတ်သောတရား´´ဟူသော အနက်တို့ကို ဟော၏။ ယင်းယောဂဟူသော ပုဒ်ကိုပင် ဏီ - ပစ္စည်းဖြင့် တွဲစပ်၍ `ယောဂေါ အဿ အတ္ထီတိ ယောဂီ = ယောဂရှိသူကို ယောဂီ´´ဟု အဓိပ္ပာယ် ဖွင့်ဆိုနိုင်၏။
          ထိုဖွင့်ဆိုချက်အရဆိုလျှင် တရားဘာဝနာအားထုတ်မှုဟူသော ယောဂပိုင်ရှင်များကို ယောဂီဟု ခေါ်နိုင်သကဲ့သို့ ကာမယောဂ၊ ဘ၀ယောဂ၊ ဒိဋ္ဌိယောဂ၊ အ၀ိဇ္ဇာယောဂဟူသော ၀ဋ်ဆင်းရဲ၌ ယှဉ်စေတတ်သော ယောဂပိုင်ရှင်ကိုလည်း ယောဂီဟု ခေါ်နိုင်၏။ သဒ္ဒါနည်းအရ ထိုသို့ အဓိပ္ပာယ်နှစ်ချက် ကောက်ယူနိုင်သော်လည်း မြန်မာ့နားဖြင့် အသိများသည်မှာ ယောဂီဆိုလျှင် တရားအားထုတ်နေကြသော သူတော်စင်များကိုသာ သိကြပေသည်။
          ထို့ကြောင့် ယောဂီဟူသော အမည်သည် ၀ိပဿနာတရား အားထုတ်သူများနှင့်သာ ထိုက်တန်ပါ၏။ ၀ိပဿနာတရား အားထုတ်သူများသည် အားထုတ်နေစဉ် များသောအားဖြင့် ရှစ်ပါးသီလကိုသာ စောင့်ထိန်းကြ၏။ အနည်းစုလောက်သာ ငါးပါးသီလကို စောင့်ထိန်းကြ၏။ ထို့ကြောင့် ၀ိပဿနာကမ္မဋ္ဌာန်း စီးဖြန်းနေသူတို့သည် သာမန်အရပ်ထဲ နေသူများထက် သီလအားဖြင့်လည်း သာလွန်၏။ လောကီအာရုံ အိမ်မှုကိစ္စများကို ဖြတ်တောက်၍ ရတတ်သမျှ အချိန်ကလေး၌ တရားကိုသာ နှလုံးသွင်း ဆင်ခြင်နေသဖြင့် သမာဓိအားဖြင့်လည်း သာလွန်၏။ အချိန်ရသမျှ တရားနာခြင်း၊ တရားဆင်ခြင်ခြင်း၊ တရားဆွေးနွေးခြင်းများ ပြုနေကြသဖြင့် ပညာအားဖြင့်လည်း အရပ်ထဲနေသူတို့ထက် သာလွန်၏။ ထိုသို့ သီလ၊ သမာဓိ၊ ပညာအားဖြင့် အရပ်ထဲနေသူတို့ထက် သာလွန်သော အကျင့်နှင့် ပြည့်စုံသောကြောင့် ထိုပုဂ္ဂိုလ်တို့သည် ယောဂီဟူသော အမည်နှင့် ထိုက်တန်၏။ သင့်လျော်၏။ ထိုသူတို့ကို လှူဒါန်းလျှင် ပစ္စုပ္ပန် သံသရာ နှစ်ဖြာသော ဘ၀တို့၌ ကောင်းကျိုးချမ်းသာကို ဖြစ်စေနိုင်၏။
          ထိုဒကာမကြီးပြောသာ ဆရာကြီးကား သီလအားဖြင့်လည်း သာမန် ဗုဒ္ဓဘာသာဝင်တို့၏ ငါးပါးသီလကိုပင် ပြည့်စုံအောင် မစောင့်ထိန်းနိုင်သဖြင့် သီလအားဖြင့်လည်း သာမန်ဗုဒ္ဓဘာသာဝင်တို့ထက် ယုတ်၏။ သမာဓိကလည်း ကိုယ်တိုင် ကြိုးစားရှာကြံမှု မရှိသဖြင့် ယုတ်၏။ ပညာအားဖြင့်လည်း အထက်ပုဂ္ဂိုလ်ဆိုသူတို့ ပေးသလောက်သာ ရရှာသဖြင့် နိမ့်ကျလှ၏။ လောကတွင် သူတစ်ပါး၏ လက်ဝေခံ ဖြစ်ရခြင်းလောက် ယုတ်နိမ့်သော ဘ၀ မရှိချေ။ ဤကြားထဲတွင် နှစ်ပါးသီလကိုပင် ခက်ခက်ခဲခဲ စောင့်ထိန်းနေရင်း စိတ်မခိုင်သဖြင့် ချိုးဖောက်မိပါက အထက်ဆရာကြီးများက သမာဓိ ပညာတို့ တက်မပေးသည့်အပြင် ဒဏ်ခတ်ခြင်းကိုပင် ခံရသေး၏။
          ဤမျှအထိ ယုတ်နိမ့်အောက်ကျလှသော ဘ၀ကို ခံယူရမည်ကိုပင် ရှက်ရကောင်းမှန်းမသိ။ လူရှေ့သူရှေ့တွင် ထုတ်ဖော်ဝါကြွား ဂုဏ်ဖော်ရဲသော ထိုဆရာကြီး၏ အသိဥာဏ်အတွေးအခေါ်မှာ သိသာထင်ရှားလွန်းလှပါသည်။ တစ်ခါတစ်ရံ၌ လူတို့သည် ကိုယ်ပြုသည့်အမှုက ကိုယ့်ကို ဂုဏ်တင်ရာမရောက်ဘဲ နှိမ့်ချရာ ရောက်သွားတတ်သည်မျိုး ကြုံရတတ်ပါသည်။ ဆင်ခြင်ပြုပြင်နိုင်လျှင် အရှက်မကွဲနိုင်သော်လည်း ကိုယ့်ကိုယ်ကို နိမ့်ကျလို့ပင် နိမ့်ကျမှန်း မသိလောက်အောင် နုံချာလွန်းလျှင်ကား အလွန်ရှက်စရာ ကောင်းလှပါသည်။
          သာသနာတွင်း၌ ထိုသို့သော ပုတီးယောင်ယောင် ဘိုးတော်ယောင်ယောင် ပုဂ္ဂိုလ်များ များပြားလှပါသည်။ ထိုသူတို့သည် ဗုဒ္ဓဘာသာဝင်တို့ ပုံမှန်ဆောက်တည်ရမည့် ငါးပါးသီလကိုပင် အပြည့်အစုံ မဆောက်တည်နိုင်ပေ။ ယင်းကို သတိမထားမိဘဲ ``ငါက ကံနှစ်ပါးထိန်းသည်၊ ကံသုံးပါးထိန်းသည်´´ စသည်ဖြင့် လူရှေ့တွင် ပြောဆိုကြွားဝါကြသည်ကို မကြာမကြာ တွေ့ရသည်။ ကျန်သည့် သီလများ မလုံခြုံဟု ဖော်ပြရာရောက်ကြောင်း မစဉ်းစားကြပေ။
          ထိုကျန်နေသည့် သီလများသည် အဒိန္နာဒါနနှင့် ကာမေသုမိစ္ဆာစာရသာ ဖြစ်နေပါက ` ငါသည် လစ်လျှင် ခိုးမည်၊ သူတစ်ပါး သားမယားကိုလည်း အခွင့်သာလျှင် ကြာခိုမည်´´ဟု ကြော်ငြာသကဲ့သို့ ဖြစ်နေပါသည်။ ကိုးကွယ်သူတို့ကလည်း ဘာမျှ မစဉ်းစားကြ။ ထိုသူတို့ ညာဝါးသမျှ အယုံကြီးယုံကာ ရှိသမျှ ပုံအပ်၍ ဆည်းကပ်ကြ၏။ ကိုးကွယ်ကြ၏။ ဤသို့ဖြင့် ထိုသူများနောက်သို့ မယား သမီး ညီမ အဒေါ် စသည်ဖြင့် အဆင်သင့်ရာ ပါသွားကြတော့၏။ ထိုသို့ လူမပါလျှင်လည်း ပစ္စည်းများ ပါသွားကြသည်ကို ဂျာနယ် မဂ္ဂဇင်းတို့တွင် မကြာမကြာ တွေ့ရပါ၏။
          ထိုသို့ဖြစ်နေပါလျက် ကိုးကွယ်မြဲ ကိုးကွယ်၊ ဆည်းကပ်မြဲ ဆည်းကပ်နေကြသည်မှာလည်း ဒုနဲ့ ဒေးပင်။ ထိုသူတို့သည် သာသနာအတွက်သာမက သူတို့ကိုယ် သူတို့ရော သူတို့ကို ကိုးကွယ်နေသည့် တပည့်အပေါင်းအတွက်ပါ ကောင်းကျိုးပေးနိုင်ဖို့ထက် ဆိုးကျိုးပေးဖို့က ပိုများ၏။ သာသနာပြုသည်ဟူသော အမည်ဖြင့် သာသနာကို အသုံးချသော်လည်း နာမည်ခိုးသူများသာ ဖြစ်နေ၏။
          ထိုဒကာမကြီးအား ထိုသို့ပင် ရှင်းပြလိုက်ပါသည်။
ဓမ္မရံသီမဂ္ဂဇင်းတွင် ရေးသားခဲ့ပြီး ဖယ်ရှားပါ တွယ်ထားပါဟူသော စာအုပ်တွင် ထည့်သွင်းဖော်ပြခဲ့သော ဆောင်းပါး ဖြစ်ပါသည်။

No comments:

Post a Comment