ဘလော့ဂါအာဘော်

ထေရ၀ါဒဗုဒ္ဓသာသနာသည် သံသရာဒုက္ခ ခန္ဓာဒုက္ခ လွတ်ကြောင်းအတွက် သက်သက်မျှသာ ဖြစ်ပါသည်။ လောကီကြီးပွားရေးအတွက် မဟုတ်ပါ။ လောကီကြီးပွားရေးအတွက် ရောနှောအသုံးချလာသည့်အခါ.....

မိုးရာသီမှာ မိုးရွာသည်

          ``အရှင်ဘုရား ... ဖြူးဆရာတော် တရားပွဲမှာ မိုးရွာတာ ရှင်ဥပဂုတ်ပွဲမပေးလို့တဲ့။ ဇလုတ်ကြီးမှာတော့ ပွဲပေးလို့ မိုးလွတ်တာလို့ အရပ်ထဲမှာ ပြောနေကြတယ်´´
          ၁၃၆၈-ခု တန်ခူးလကွယ်နေ့တွင် စက်ကြီးကျောင်း၌ ဖြူးဆရာတော်၏ ဆည်းဆာတရားပွဲ ပြုလုပ်ခဲ့၏။ စက်ကြီးကျောင်း၌ ဟောအပြီး ထိုနေ့မှာပင် ဇလုတ်ကြီးရွာ ဘုန်းတော်ကြီးကျောင်း၌ ညတရားပွဲ ပြုလုပ်ခြင်း ဖြစ်၏။
          တရားပွဲမတိုင်မီ ရက်များက မိုးရိပ်မိုးခြေ ရှိသော်လည်း မရွာ။ တရားပွဲကျင်းပမည့် နေ့ကျမှပင် နေ့လည် ၁၂ - နာရီခန့်မှ စ၍ ရွာရာ တရားဟောခါနီး ညနေ လေးနာရီခန့်အထိပင်။ မိုးကလည်း မိမိနေရာတွင် သည်းထန်သလောက် ဇလုတ်ကြီးတွင် အနည်းငယ်သာ ရွာသည်ဟု သိရ၏။
          တရားပွဲမတိုင်မီက အချို့ဒကာဒကာမတို့က ရှင်ဥပဂုတ်ပွဲ ပေးလိုသည့် စကားရိပ်များ ပြတတ်သေး၏။ သို့သော် စာရေးသူက ကျောင်းတွင် ညစဉ်ထေရ၀ါဒဟောပြောပွဲ ပြုလုပ်၍ ထေရ၀ါဒနှင့် မသက်ဆိုင်သည်များကို မပြုလုပ်ရန် ပြောထားသဖြင့် ရဲရဲဝံ့ဝံ့ မလျှောက်ဝံ့ကြချေ။ လျှောက်လာကြလျှင်လည်း ခွင့်ပြုမည်မဟုတ်ချေ။ နောက်ဆုံးတွင်ကား တရားပွဲ မိုးမိသွားလေတော့သည်။
          ထို့နောက် ကဆုန်လဆန်း ၃ ရက်နေ့တွင် ရဟန်းဒကာ ဦးသာခွေးတို့မိသားစုက မိမိအား သိက္ခာထပ်၍ ရှင်ပြုအလှူပွဲ ပြုလုပ်ကြ၏။ ထိုရက်ကိုလည်း မိမိကိုယ်တိုင် စောစောကတည်းက သတ်မှတ်ပေးထားသဖြင့် ဖိတ်စာများ ရိုက်နှိပ်ဝေငှပြီး ဖြစ်နေ၏။ ထို့ကြောင့် ရာသီဥတုအခြေအနေ မကောင်းသော်လည်း ရက်ကိုမူ ရွှေ့ပြောင်း၍ မရနိုင်တော့ပေ။ ထိုနေ့တွင် မိုးသာမက လေကပါ အဆစ်ပါလာလေတော့၏။
          ထိုနှစ်ချက်ကို ကြည့်၍ အရပ်ထဲတွင် ထိုသို့ဝေဖန်နေကြောင်း ဒကာမကြီးတစ်ဦးက မိမိထံ လာရောက် လျှောက်ထားခြင်း ဖြစ်သည်။
          ``ဒကာမကြီး ... ဦးဇင်းလဲ စာသင်သား တစ်ပါးပါ။ ဆရာတော်ကြီးတွေလောက် ပိဋကတ်ကျမ်းဂန် မနှံ့စပ်သေးပေမယ့် အထိုက်လျောက်တော့ လေ့လာထားပါတယ်။ ခုထိတော့ ရှင်ဥပဂုတ္တရဲ့ အတ္ထုပ္ပတ္တိကို ပိဋကတ်တော်တွေထဲမှာ မတွေ့ဖူးသေးဘူး။ ပြီးတော့ မိုးမရွာအောင် ရှင်ဥပဂုတ္တကို ပင့်ပါဆိုတဲ့ ဘုရားရှင်ရဲ့ ဟောကြားချက်ကိုလဲ မတွေ့သေးဘူး။ ဒါကြောင့် အဲဒီအယူအဆကို မယုံနိုင်သေးဘူး´´
ဟု ပြန်ပြောလိုက်၏။
          ``ဒကာမကြီးလဲ စဉ်းစားပါ။ ဒီလောကကြီးဟာ သင်္ခါရလောက၊ သင်္ခါရနယ်။ ဒါကြောင့် ဒီလောကထဲမှာ ရှိရှိသမျှ အရာအားလုံးဟာ ဖြစ်ပြီးလျှင် ပျက်ရစမြဲဆိုတဲ့ နိယာမအတိုင်း ပျက်ချိန်တန်လျှင် ပျက်သွားမှာပဲ။ တန်ခိုးတော်အနန္တနဲ့ ပြည့်စုံတော်မူတဲ့ ဘုရားရှင်လဲ ပရိနိဗ္ဗာန် စံတော်မူသွားပြီ။ ဘုရားရှင်ပြီးလျှင် တန်ခိုးအကြီးဆုံးဖြစ်တဲ့ အရှင်မောဂ္ဂလ္လာန် ကိုယ်တော်မြတ်ကြီးလဲ ပရိနိဗ္ဗာန် စံသွားရပြီ။ ရှင်ဥပဂုတ္တကျမှ ဒီလောက်တောင် အသက်ရှည်တာကို ဦးဇင်းတော့ ဘ၀င်မကျဘူး´´
          ``ပြီးတော့ ရှင်ဥပဂုတ္တကို ရဟန္တာလို့ ပြောကြတယ်။ ပြောကြပါ။ လက်ခံပါတယ်။ တောင်သမုဒ္ဒရာမှာ နေတယ်လို့လဲ ဆိုကြတယ်။ သူတော်ကောင်းတွေဟာ ဆိတ်ငြိမ်ရာအရပ်ကို နှစ်သက်တော်မူကြတယ်။ ဒါကြောင့် ဒါကိုလဲ လက်ခံပါတယ်။ ဆွမ်းစားနောက်ကျလို့ နေနတ်သားက နေလုံးကြီးကို ဆွဲထားရတယ်တဲ့။ ဒီလို ဆွဲထားလို့ ရစတမ်းလား။ ဒီလိုဆွဲထားလို့ရော အချိန်က မကုန်တော့ဘူးတဲ့လား။ ဒါစဉ်းစားရမယ့် အချက်နော်။ ရဟန္တာတွေဟာ လောကကို ကမောက်ကမဖြစ်အောင် လုပ်မယ်လို့ ဦးဇင်းတော့ မယုံကြည်ဘူး။
          ``ပြီးတော့ ရှင်ဥပဂုတ္တဆွမ်းစားပြီးလို့ နေနတ်သားက နေကို လွှတ်လိုက်တော့ နေတော်တော်စောင်းသွားပြီတဲ့။ ဆွမ်းစားတာဟာ အဲဒီလောက်တောင် ကြာရဲ့လား။ လက်တွေ့ကျကျ စဉ်းစားကြည့်ရင် ဒီအချက်တွေဟာ လက်ခံချင်စရာ မရှိဘူး။´´
          ``ရှင်ဥပဂုတ္တဆိုတဲ့ ရဟန္တာမထေရ်မြတ်ကြီး တကယ်ရှိတယ်ပဲ ထား။ ဦးဇင်းကတော့ မပင့်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အလှူတွေဆိုရင် ဦးဇင်းတို့ ပုထုဇဉ်ရဟန်းတွေက သံဃာစင်ပေါ်မှာ မိန့်မိန့်ကြီး ထိုင်လို့။ ဆွမ်းကောင်းဟင်းကောင်းတွေ ဘုဉ်းပေးလို့။ အလှူပြီးတော့လဲ လှူဖွယ်ဝတ္ထုတွေ ခံယူလို့။´´
          ``ရဟန္တာရှင်ဥပဂုတ္တကျတော့ သံဃာစင်ရဲ့ နောက်နားလေးမှာ စားပွဲကလေးတစ်လုံးချ၊ ထီးစုတ်ကလေး မိုးပေးလို့။ ရဟန္တာတော့ ပင့်ပြီး နေရာပေးထားကြတာတွေက ပုံစံ မကျဘူး။ ဆွမ်းဆိုလဲ ပန်းကန်ပြားလေးနဲ့ စတိလောက်ပဲ ထည့်ကပ်ထားတာ။ အင်မတန် အားနာစရာကောင်းတယ်။ ပင့်တဲ့ ရည်ရွယ်ချက်ကလဲ မကောင်းဘူး။ ပုထုဇဉ် ရဟန်းတွေ ကိုရင်ကလေးတွေကျတော့ အလှူကို ပင့်တာ အပူဇော်ခံဖို့ ပင့်တာ။ ရဟန္တာကြီးကျတော့ လုပ်အားပေးဖို့ပင့်တာ။ ဦးဇင်းက ကတ်သတ်ပြီး ပြောနေတာ မဟုတ်ဘူး။ ရိုးရိုးစင်းစင်းကလေး တွေးပြီး ပြောတာပါ။´´
          ``ထေရ၀ါဒဗုဒ္ဓဘာသာဝင် ရဟန်းတစ်ပါးအနေနဲ့ ကိုယ့်သာသနာက ရဟန္တာအရှင်မြတ်ကြီးတွေကို မလေးမစား မလုပ်ချင်ဘူး။ ဒါကြောင့် ရှင်ဥပဂုတ္တရဟန္တာရှိတယ်လို့ ပိဋကတ်ထဲမှာတွေ့ရင် ယုံမယ်။ မတွေ့သေးရင် မယုံသေးဘူး။ ခုလက်ရှိ သိရသလောက် အတ္ထုပ္ပတ္တိလေးနဲ့လောက်တော့ မယုံနိုင်သေးဘူး။ တွေ့မိလို့ ယုံကြည်သွားပြီဆိုရင်လဲ မိုးတားဖို့အတွက်တော့ မပင့်ဘူး။ ဒါ ဦးဇင်းရဲ့သဘောထားပဲ´´
          ရှင်ဥပဂုတ္တပြဿနာက ဤမျှဖြင့် မပြီးသေးပေ။ ကဆုန်လဆန်း ၁၂ ရက်နေ့တွင် မိမိအား သိက္ခာထပ်အလှူတစ်ခု ရှိလာပြန်သည်။ အလှူအစနေ့တွင်လည်း လေက ငြိမ်နေ၏၊ မိုးကား ရွာဆဲ။ အလှူအစနေ့တွင် မြို့ထဲ သွားစရာရှိသဖြင့် အလှူအိမ်ကို လမ်းကြုံဝင်ကြည့်ရာ မိမိက အိမ်ပေါ် ရောက်သည်နှင့် မိုးကလဲ ဝေါကနဲ ရွာချလေးတော့သည်။ အိမ်ပေါ်တွင် အလှူရှင်မိသားစုနှင့်အတူ အခြားလူကြီး လေးငါးယောက် ထိုင်စကားပြောနေကြသည်။ အလှူရှင်၏သမီး ဆရာမက ``ဦးဇင်းက မိုးခေါ်လာတယ်´´ဟု ဆီး၍ လျှောက်၏။
          ဆရာမ စကားအဆုံးတွင် လူကြီးတစ်ယောက်က အကွက်ရပြီဟူသော မျက်နှာပေးဖြင့် မိမိကို ကြည့်၍
          ``အဲဒါပေါ့ဘုရား။ မိရိုးဖလာဆိုတာ မပယ်ကောင်းဘူး။ ဒါကို အလေးမမူတော့ စိတ်အနှောင့်အယှက်ဖြစ်ရတာပေါ့´´ ဟု လျှောက်၏။
          အလှူရှင်ဒကာကြီးအပေါ် သြဇာညောင်းသည့် ထိုဒကာကြီးက ရှင်ဥပဂုတ်ပွဲမပေးသဖြင့် အလှူရှင်မိသားစုကို ဆူနေစဉ် မိမိကရောက်သွားခြင်း ဖြစ်၏။ မိမိရောက်လာသည်နှင့် ထိုဒကာကြီးက အားကိုးရပြီဟူသော အထင်ဖြင့် ထိုအကြောင်းကို ဆက်လာခြင်း ဖြစ်သည်။ အဆုံးတွင် ``အရှင်ဘုရားဒကာတွေကို ကြည့်ပြောပါအုံး´´ ဟု လျှောက်ရင်း နိဂုံးချုပ်လိုက်သည်။
          ``ခက်တာပဲ ဒကာကြီး။ ရှင်ဥပဂုတ်ပွဲပေးလိုက်လို့ မိုးမရွာတော့ဘူးဆိုရင် `မိုးမရွာစေချင်ရင် ရှင်ဥပဂုတ်ပွဲ ပေးရတယ်´ဆိုတဲ့ အယူအဆကြီးက စွဲသွားလိမ့်မယ်။ ဒီအယူအဆဟာ ဣဿရနိမ္မာန၀ါဒ (တန်ခိုးရှင်ဝါဒ)နဲ့ အတူတူပဲ။ ဒါကို ဘုရားရှင်က သီလက္ခန္ဓ၀ဂ္ဂပါဠိတော်မှာ ဒိဋ္ဌိအယူထဲ ထည့်ဟောထားတယ်။ ´´
          ``ပွဲပေးပါလျက် မိုးရွာရင်လဲ `ရှင်ဥပဂုတ်လဲ မကယ်နိုင်ပါလား´ ဆိုတဲ့ အတွေးမျိုးဝင်လာတတ်တယ်။ ဒီအတွေးဟာ ဘာမှ မဖြစ်လောက်ဘူးလို့ ထင်ရပေမယ့် ယုံကြည်မှုသဒ္ဓါတရားကို ထိပါးစေနိုင်ပါတယ်။ မိုးမရွာအောင် လုပ်ဖို့ မသင့်တော်ပါဘူး။ မိုးဦးကျချိန်ပဲ။ သတ္တ၀ါတွေအတွက် သူ့ရာသီမှာ သူရွာတာ ရွာစမ်းပါစေ။ အလှူအထမြောက်ဖို့သာ အဓိကပါ။´´
ဟု ပြောလိုက်ရာ ထိုဒကာကြီးလဲ ဦးချ၍ ထပြန်သွားလေတော့သည်။
          ကံကောင်းထောက်မစွာဖြင့် နောက်နေ့ အလှူပွဲတွင် မိုးသားတိမ်လိပ်တို့ ကင်းစင်စွာဖြင့် အလှူပွဲကြီး ထမြောက် အောင်မြင်ခဲ့ပါသည်။
          ထို့ကြောင့် ရှင်ဥပဂုတ်ပွဲမပေးသဖြင့် တရားပွဲ မိုးရွာသည်ဟု လျှောက်သော ဒကာမကြီးအား ရှင်ဥပဂုတ်ပွဲ မပေးသော်လည်း အလှူပွဲ မိုးကင်းသည်ဟု လှမ်း၍ ပြောလိုက်ပါတော့သည်။
ဤဆောင်းပါးကိုလည်း ဖယ်ရှားပါ တွယ်ထားပါ စာအုပ်တွင် ရေးသားခဲ့ပါသည်။

ထေရ၀ါဒနှင့် ဥုံသြောင်း ပြဿနာ

          ထေရ၀ါဒ ဗုဒ္ဓဘာသာအမည်ခံထားပြီး အချို့က 
          ဥုံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ 
          ဥုံ ဣတိပိသော 
လို့ ရှေ့မှာ ဥုံ ခံပြီး ဆိုကြပါတယ်။ သင့်တော်ပါရဲ့လား။ တချို့ကတော့ ``သြောင်း´´ ခံပြီး ရွတ်ကြပါတယ်။ နာမည်ကျော် စက်ကြီး ၁၃ ပါးကို ရွတ်ကြတဲ့အခါ ``သြောင်း ဒူရေ ဒူရေ သွား ဟုံဟုံ´´ ဆိုတာ တွေ့ရပါတယ်။
တကယ်တော့ ဥုံတို့ သြောင်းတို့ ဆိုတာ စာလုံးပေါင်းရင်တော့ (a + u + m) ပေါ့။ a u m ကို ပေါင်းပြီး အသံထွက်လိုက်တော့ ဥုံတို့ သြောင်းတို့ဆိုတဲ့ အသံ ထွက်လာတာပါပဲ။
          ဒီအက္ခရာတွေဟာ ဘာကို ကိုယ်စားပြုတာလဲဆိုတာ ဖြေရှင်းလိုက်ရင် ဥုံသြောင်းပြဿနာက ပြေလည်ပါပြီ။
          ဟိန္ဒူဘာသာမှာ ဘုရားသုံးဆူရှိပါတယ်။ အဲဒီဘုရားတွေကတော့ ဗြဟ္မာရယ်၊ ဗိဿဏိုးရယ်၊ သီဝရယ်ပါပဲ။ ဒီဘုရားတွေကို စာလုံးပေါင်းရင် (Brahma, Visnu, Sivam) လို့ ပေါင်းပါတယ်။ ဒီဘုရားသုံးဆူလုံးကို ရှိခိုးတဲ့ အခါမှာ တိုတိုနဲ့ ပြီးအောင် ဗြဟ္မာဆီက (a) ရယ်၊ ဗိဿဏိုးဆီက (u) ရယ်၊ သီဝက (m) ရယ် သုံးခုကို ယူပြီး (a+u+m) အ +-ု+ မ် = အုမ် = ဥုံ ဆိုပြီး ဖြစ်လာတာပါ။ ဒါကို ဗုဒ္ဓဘာသာတွေအနေနဲ့ ဆိုသင့်မဆိုသင့် စဉ်းစားသင့်ပါတယ်။

အမည်ခိုးသူများ

          တစ်နေ့ နေ၀င်ရီတရောအချိန်တွင် ကျောင်းအနီးမှ ဒကာမကြီးတစ်ယောက် သုတ်သီးသုတ်ပြာဖြင့် ကျောင်းပေါ် တက်လာ၏။ ဤအချိန်မျိုးတွင် လာနေကျမဟုတ်သဖြင့် စာရေးသူက
          ``ဒကာမကြီး လာပုံ ထူးလှချေလား´´
ဟု ဆီး၍ မေးလိုက်၏။ ထိုဒကာမကြီးက
          ``တပည့်တော် မကျေနပ်တာ ရှိလို့ဘုရား´´
ဟု လျှောက်၏။ ထို့ကြောင့် ထိတ်ကနဲဖြစ်သွားမိ၏။ ဤကျောင်းသို့ ပြန်ရောက်သည်မှာ ငါးရက်ခန့်သာ ရှိသေးသည်။ ဘယ်ကိုမှလည်း မသွား၊ ဘာကိုမှလဲ မလုပ်ခဲ့။ စကားကိုလည်း မာကြောင်း သာကြောင်းလောက်သာ ပြောရသေးသည်။ မိမိအပေါ် ဘာများမကျေနပ်တာ ရှိနေသလဲ? စဉ်းစား၍ မရ။
          ``ဆိုစမ်းပါဦး ဒကာမကြီး။ ဘာများ မကျေနပ်တာလဲ´´
          ``တပည့်တော် (.......)ရွာကို သွားတယ်ဘုရား။ အဲဒီရွာမှာ ဆေးဆရာကြီး ဦး(.......)က နှစ်ပါးသီလ ထိန်းပြီး ယောဂီလုပ်တော့မယ်လို့ တပည့်တော်ကို ပြောတယ်ဘုရား။ နှစ်ပါးသီလလောက်နဲ့ ယောဂီလုပ်တယ်ဆိုတာကို တပည့်တော်မ မကျေနပ်ဘူးဘုရား။ အဲဒါ ရမရ ပြောပြပေးပါဘုရား။´´
          စာရေးသူလည်း ထိုအခါမှပင် ဒကာမကြီး၏ မကျေနပ်ခြင်း မြားဦးသည် မိမိဘက်သို့ လှည့်ခြင်း မဟုတ်ပါ ကလားဟု စိတ်အေးရတော့၏။ ထိုယောဂီသူတော်စင်ကြီး စောင့်ထိန်းမည့် သီလနှစ်ပါးကို မေးကြည့်တော့ ``ပါဏာတိပါတသိက္ခာပုဒ်နှင့် သုရာမေရယသိက္ခာပုဒ်´´ဟု သိရ၏။
          တော်တော်ကြီးကြီးကျယ်ကျယ် စောင့်ထိန်းမည့်ပုဂ္ဂိုလ်ကြီးပါလားဟုပင် တွေးမိသေးတော့၏။ ဆေးဆရာ ကျောင်းဆရာ၊ ရါာလူကြီးတို့သည် ရပ်ရွာ၏အဓိကအားကိုးရာ မဏ္ဍိုင်ကြီးများဖြစ်ကြ၏။ ကျေးရွာ၏ အတိုင်ပင်ခံများ ဖြစ်ကြ၏။ ထိုပုဂ္ဂိုလ်တို့သည် အခြားသူတို့ထက် ဂုဏ်သိက္ခာအရရော ကိုယ်ကျင့်တရားအရပါလေးစားထိုက်သူများ ဖြစ်ရန် လို၏။
          ပါဏာတိပါတသိက္ခာပုဒ်(သူတပါးအသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း)၊ သုရာမေရယသိက္ခာပုဒ် (မူးယစ်ဆေးဝါး သုံးစွဲမှုမှ ရှောင်ကြဉ်ခြင်း) နှစ်ခုကို စောင့်ထိန်းမည်ဆိုသဖြင့် ကောင်းပါသည်။ သို့သော် ဘိုးတော်အဖြစ်၊ ယောဂီအဖြစ် ခံယူမည့် ဆေးဆရာကြီးတစ်ဦးအနေဖြင့် စောင့်ထိန်းမည့်သီလသည် နည်းလှသည်ဟု ထင်မိသည်။ ယောဂီဟု ဆိုလိုက်သည်နှင့် သူတော်စင်ဟူသော စကားနှင့်ပါ တွဲ၍သုံးရမည်ဖြစ်၏။ ယောဂီသူတော်စင်တစ်ယောက်သည် မုသာဝါဒမှ မရှောင်နိုင်လျှင် မည်သို့ယုံကြည် ကိုးကွယ်ရမည်နည်း။ ကာမေသု မိစ္ဆာစာရ (သူတပါးအိမ်ရာ ပြစ်မှားမှု)မှ မရှောင်နိုင်လျှင် မည်သို့ လေးစားရမည်နည်း။ အဒိန္နာဒါန (သူတပါးမပေးသော ဥစ္စာကို ခိုးယူခြင်း)မှ မရှောင်နိုင်လျှင် မည်သို့ ယုံကြည်ရတော့မည်နည်း။
          ယောဂီဟူသော စကား၏ မူရင်းပါဠိပုဒ်မှာ ယုဇ - ဓာတ်နှင့် ဏ - ပစ္စည်း တွဲစပ်ထားသော ယောဂဟူသော ပါဠိပုဒ်ဖြစ်သည်။ ယောဂဟူသော စကားသည် ``ယှဉ်ခြင်း၊ လုံ့လ၊ အားထုတ်ခြင်း၊ ဘာဝနာ၌အားထုတ်ခြင်း၊ သုတ်၊ ၀ဋ်ဆင်းရဲ၌ ယှဉ်စေတတ်သောတရား´´ဟူသော အနက်တို့ကို ဟော၏။ ယင်းယောဂဟူသော ပုဒ်ကိုပင် ဏီ - ပစ္စည်းဖြင့် တွဲစပ်၍ `ယောဂေါ အဿ အတ္ထီတိ ယောဂီ = ယောဂရှိသူကို ယောဂီ´´ဟု အဓိပ္ပာယ် ဖွင့်ဆိုနိုင်၏။
          ထိုဖွင့်ဆိုချက်အရဆိုလျှင် တရားဘာဝနာအားထုတ်မှုဟူသော ယောဂပိုင်ရှင်များကို ယောဂီဟု ခေါ်နိုင်သကဲ့သို့ ကာမယောဂ၊ ဘ၀ယောဂ၊ ဒိဋ္ဌိယောဂ၊ အ၀ိဇ္ဇာယောဂဟူသော ၀ဋ်ဆင်းရဲ၌ ယှဉ်စေတတ်သော ယောဂပိုင်ရှင်ကိုလည်း ယောဂီဟု ခေါ်နိုင်၏။ သဒ္ဒါနည်းအရ ထိုသို့ အဓိပ္ပာယ်နှစ်ချက် ကောက်ယူနိုင်သော်လည်း မြန်မာ့နားဖြင့် အသိများသည်မှာ ယောဂီဆိုလျှင် တရားအားထုတ်နေကြသော သူတော်စင်များကိုသာ သိကြပေသည်။
          ထို့ကြောင့် ယောဂီဟူသော အမည်သည် ၀ိပဿနာတရား အားထုတ်သူများနှင့်သာ ထိုက်တန်ပါ၏။ ၀ိပဿနာတရား အားထုတ်သူများသည် အားထုတ်နေစဉ် များသောအားဖြင့် ရှစ်ပါးသီလကိုသာ စောင့်ထိန်းကြ၏။ အနည်းစုလောက်သာ ငါးပါးသီလကို စောင့်ထိန်းကြ၏။ ထို့ကြောင့် ၀ိပဿနာကမ္မဋ္ဌာန်း စီးဖြန်းနေသူတို့သည် သာမန်အရပ်ထဲ နေသူများထက် သီလအားဖြင့်လည်း သာလွန်၏။ လောကီအာရုံ အိမ်မှုကိစ္စများကို ဖြတ်တောက်၍ ရတတ်သမျှ အချိန်ကလေး၌ တရားကိုသာ နှလုံးသွင်း ဆင်ခြင်နေသဖြင့် သမာဓိအားဖြင့်လည်း သာလွန်၏။ အချိန်ရသမျှ တရားနာခြင်း၊ တရားဆင်ခြင်ခြင်း၊ တရားဆွေးနွေးခြင်းများ ပြုနေကြသဖြင့် ပညာအားဖြင့်လည်း အရပ်ထဲနေသူတို့ထက် သာလွန်၏။ ထိုသို့ သီလ၊ သမာဓိ၊ ပညာအားဖြင့် အရပ်ထဲနေသူတို့ထက် သာလွန်သော အကျင့်နှင့် ပြည့်စုံသောကြောင့် ထိုပုဂ္ဂိုလ်တို့သည် ယောဂီဟူသော အမည်နှင့် ထိုက်တန်၏။ သင့်လျော်၏။ ထိုသူတို့ကို လှူဒါန်းလျှင် ပစ္စုပ္ပန် သံသရာ နှစ်ဖြာသော ဘ၀တို့၌ ကောင်းကျိုးချမ်းသာကို ဖြစ်စေနိုင်၏။
          ထိုဒကာမကြီးပြောသာ ဆရာကြီးကား သီလအားဖြင့်လည်း သာမန် ဗုဒ္ဓဘာသာဝင်တို့၏ ငါးပါးသီလကိုပင် ပြည့်စုံအောင် မစောင့်ထိန်းနိုင်သဖြင့် သီလအားဖြင့်လည်း သာမန်ဗုဒ္ဓဘာသာဝင်တို့ထက် ယုတ်၏။ သမာဓိကလည်း ကိုယ်တိုင် ကြိုးစားရှာကြံမှု မရှိသဖြင့် ယုတ်၏။ ပညာအားဖြင့်လည်း အထက်ပုဂ္ဂိုလ်ဆိုသူတို့ ပေးသလောက်သာ ရရှာသဖြင့် နိမ့်ကျလှ၏။ လောကတွင် သူတစ်ပါး၏ လက်ဝေခံ ဖြစ်ရခြင်းလောက် ယုတ်နိမ့်သော ဘ၀ မရှိချေ။ ဤကြားထဲတွင် နှစ်ပါးသီလကိုပင် ခက်ခက်ခဲခဲ စောင့်ထိန်းနေရင်း စိတ်မခိုင်သဖြင့် ချိုးဖောက်မိပါက အထက်ဆရာကြီးများက သမာဓိ ပညာတို့ တက်မပေးသည့်အပြင် ဒဏ်ခတ်ခြင်းကိုပင် ခံရသေး၏။
          ဤမျှအထိ ယုတ်နိမ့်အောက်ကျလှသော ဘ၀ကို ခံယူရမည်ကိုပင် ရှက်ရကောင်းမှန်းမသိ။ လူရှေ့သူရှေ့တွင် ထုတ်ဖော်ဝါကြွား ဂုဏ်ဖော်ရဲသော ထိုဆရာကြီး၏ အသိဥာဏ်အတွေးအခေါ်မှာ သိသာထင်ရှားလွန်းလှပါသည်။ တစ်ခါတစ်ရံ၌ လူတို့သည် ကိုယ်ပြုသည့်အမှုက ကိုယ့်ကို ဂုဏ်တင်ရာမရောက်ဘဲ နှိမ့်ချရာ ရောက်သွားတတ်သည်မျိုး ကြုံရတတ်ပါသည်။ ဆင်ခြင်ပြုပြင်နိုင်လျှင် အရှက်မကွဲနိုင်သော်လည်း ကိုယ့်ကိုယ်ကို နိမ့်ကျလို့ပင် နိမ့်ကျမှန်း မသိလောက်အောင် နုံချာလွန်းလျှင်ကား အလွန်ရှက်စရာ ကောင်းလှပါသည်။
          သာသနာတွင်း၌ ထိုသို့သော ပုတီးယောင်ယောင် ဘိုးတော်ယောင်ယောင် ပုဂ္ဂိုလ်များ များပြားလှပါသည်။ ထိုသူတို့သည် ဗုဒ္ဓဘာသာဝင်တို့ ပုံမှန်ဆောက်တည်ရမည့် ငါးပါးသီလကိုပင် အပြည့်အစုံ မဆောက်တည်နိုင်ပေ။ ယင်းကို သတိမထားမိဘဲ ``ငါက ကံနှစ်ပါးထိန်းသည်၊ ကံသုံးပါးထိန်းသည်´´ စသည်ဖြင့် လူရှေ့တွင် ပြောဆိုကြွားဝါကြသည်ကို မကြာမကြာ တွေ့ရသည်။ ကျန်သည့် သီလများ မလုံခြုံဟု ဖော်ပြရာရောက်ကြောင်း မစဉ်းစားကြပေ။
          ထိုကျန်နေသည့် သီလများသည် အဒိန္နာဒါနနှင့် ကာမေသုမိစ္ဆာစာရသာ ဖြစ်နေပါက ` ငါသည် လစ်လျှင် ခိုးမည်၊ သူတစ်ပါး သားမယားကိုလည်း အခွင့်သာလျှင် ကြာခိုမည်´´ဟု ကြော်ငြာသကဲ့သို့ ဖြစ်နေပါသည်။ ကိုးကွယ်သူတို့ကလည်း ဘာမျှ မစဉ်းစားကြ။ ထိုသူတို့ ညာဝါးသမျှ အယုံကြီးယုံကာ ရှိသမျှ ပုံအပ်၍ ဆည်းကပ်ကြ၏။ ကိုးကွယ်ကြ၏။ ဤသို့ဖြင့် ထိုသူများနောက်သို့ မယား သမီး ညီမ အဒေါ် စသည်ဖြင့် အဆင်သင့်ရာ ပါသွားကြတော့၏။ ထိုသို့ လူမပါလျှင်လည်း ပစ္စည်းများ ပါသွားကြသည်ကို ဂျာနယ် မဂ္ဂဇင်းတို့တွင် မကြာမကြာ တွေ့ရပါ၏။
          ထိုသို့ဖြစ်နေပါလျက် ကိုးကွယ်မြဲ ကိုးကွယ်၊ ဆည်းကပ်မြဲ ဆည်းကပ်နေကြသည်မှာလည်း ဒုနဲ့ ဒေးပင်။ ထိုသူတို့သည် သာသနာအတွက်သာမက သူတို့ကိုယ် သူတို့ရော သူတို့ကို ကိုးကွယ်နေသည့် တပည့်အပေါင်းအတွက်ပါ ကောင်းကျိုးပေးနိုင်ဖို့ထက် ဆိုးကျိုးပေးဖို့က ပိုများ၏။ သာသနာပြုသည်ဟူသော အမည်ဖြင့် သာသနာကို အသုံးချသော်လည်း နာမည်ခိုးသူများသာ ဖြစ်နေ၏။
          ထိုဒကာမကြီးအား ထိုသို့ပင် ရှင်းပြလိုက်ပါသည်။
ဓမ္မရံသီမဂ္ဂဇင်းတွင် ရေးသားခဲ့ပြီး ဖယ်ရှားပါ တွယ်ထားပါဟူသော စာအုပ်တွင် ထည့်သွင်းဖော်ပြခဲ့သော ဆောင်းပါး ဖြစ်ပါသည်။